ယမ်းငွေ့တွေမှာရနံ့တွေရှိတယ်ဆိုရင် အဲဒီရနံ့တွေဟာ. . . . .?
မေမေရယ် . . .
လက်နက်ရှိသူအချင်းချင်း
အာဏာရမ္မက်အတွက် ခင်းကြတဲ့စစ်မှာ ။
တောင်ယာခုတ်ပြီးသားတို့အတွက်
ပေးဆပ်နေတဲ့ဖေဖေက ဘာလို့သေပေးလိုက်ရတာလဲ ။
မေ့မေ့ရဲ့ခြေတစ်ဖက်နှင့်
သားမျက်နှာက အမာရွတ်ကရော ။
သဘာဝရဲ့ဖန်ဆင်းမှုအတိုင်း မရှိပဲ
ဘာလို့ စစ်ရဲ့ဖန်ဆင်းမှုအတိုင်း ရှိနေရတာလဲ ။
မေမေရယ် . . .
စစ်ကို ရွံတယ် ကြောက်တယ် မုန်းတယ်
ဒီစစ်ဆိုတာကြီးကိုသာမကြုံခဲ့ရရင် ။
ဖေဖေရှာပေးတဲ့လူနေမှုအဆင့်အတန်းနှင့်
မေမေပြင်ဆင်ပေးတဲ့ထမင်းချိုင့်လေးကိုဆွဲရင်း ။
လူမှုဆက်ဆံရေးနှင့်ကျောင်းသင်္ခန်းစာတွေကို
အနာဂတ်လှလှနဲ့လေ့ကျက်နေရမှာပဲနော် ။
အခုတော့ မေမေရယ် . . .
ကြယ်မြင် လမြင်ဘ၀နှင့်
လူတကာရဲ့ ဂရုဏာတရားမှာ
ကိုယ့်အသက်ကို ၀ကွက်ထားရင်း
ယမ်းငွေ့တွေကို စက်ဆုပ်စွာနမ်းရှိုက်နေရတုန်း ။
ဘယ်တော့များ ဘ၀က
လရောင်ဆမ်းတဲ့ ပန်းလို
လန်းဆန်းငြိမ်းမြစွာစွာပွင့်လန်းရမလဲ . . .? ။
သန်းခေါင်ထက်တော့ညဥ့်မနက်တော့ပါဘူး
မေမေရယ် . . .
သားတို့ရဲ့အနာဂတ်ဘ၀က သေဆုံးခဲ့ပြီပဲ ။
ဒီအသက်နှင့်ဒီခန္ဓာဟာလည်း
လောကအတွက်
အပိုသက်သက်ပါပဲ မေမေ ။
နေလ(မတ္တရာ)
No comments:
Post a Comment