Thursday, January 14, 2016

မွေးဌာ​နေသို့တမ်းတခြင်း

မွေးဌာနေသို့....တမ်းတခြင်း

အတွေးကွန့်မြူး နွေလေရူးချိန်
နွေတန်ခူးမှာ သစ်ရွက်ကြွေကျ
မြင်သမျှဖြင့် အလွမ်းတွေသာ
ဖြစ်တည်တာမို့ ...။

မရောက်တာကြာ မမြင်တာဖြင့်
ရာသီစက်ဝန်း နှစ်ပတ်ယွန်းပြီ
မွေးရပ်ဆီသို့ လွမ်းမိခဏ
သတိရမိ...။

ငယ်ဖော်ပေါင်းသင်း သူငယ်ချင်းတွေ
ရည်ရွယ်ရာလမ်း တူလျှောက်လှမ်းရင်း
ပြိုကျကွဲကျ မဆုံကျတာ
ယနေ့ချိန်မှ သတိရမိ...။

အရင်တခေါက် ပြန်ချိန်ရောက်တော့
မြင်ချင်စိတ်စော အမောမောနှင့်
အပြေးနှင်လာ အတွေးမှာဖြင့်
ဘ၀အကြောင်း ပြန်ပြောင်းပြောပြ
ငိုကျရယ်ကျ ရင်ဖွင့်ကျမယ်
ခဲလေသမျှ သဲရေကျခဲ့...။

တာဝန်တစ်ရပ် ငါထမ်းရွက်လို့
ကျေတဲ့တစ်ခေါက် ပြန်ချိန်ရောက်ရင်
ပြန်လာဦးမည် မွေးရပ်ဆီကို
ဆီးကြိုမှာလား အတွေးများနှင့်
ခံစားရေးချ လွမ်းသမျှကို
မွေးရပ်မြေမှ မင်းသိရဖို့
မျက်ရည်ရောယှက် ကဗျာစပ်သည်
ခံစားပေးပါ သူငယ်ချင်းရာ...။

             မွေးရပ်မြေသို့ တမ်းတမိရင်း
             ခေတ္တ ( စစ်တွေ )
               အညတရ

အရမ်းသတိရတယ်

No comments:

Post a Comment